နိုဝင်ဘာလ ၈၊ ၂၀၂၃

မြန်မာ့အရေးအတွက်

သက်ဆိုင်သူပြည်သူများ၏

တော်လှန်ရေးဆိုင်ရာ ထုတ်ဖော်ကြေညာချက်

လွတ်လပ်ရေးရယူခဲ့ချိန်မှစ၍ ယနေ့တိုင် မြန်မာပြည်တွင် လူမျိုးစုဗဟိုပြုဝါဒနှင့် ဘာသာရေးအခြေပြု အမျိုးသားရေးဝါဒ ကိုင်စွဲခြင်း၊ ဒီမိုကရေစီအခြေခံစံတန်ဖိုးများမှ သွေဖီသည့် နိုင်ငံတည်ဆောက်ရေး အခြေခံများ၏ နောက်ဆက်တွဲအနေဖြင့် ပြည်တွင်းပဋိပက္ခများဖြစ်ပွားခဲ့ရပြီး အကျိုးဆက်အဖြစ် လူပေါင်း သန်းနှင့် ချီ၍ ဒုက္ခရောက်ကြရခြင်းကြောင့်၊

ဒီမိုကရက်တစ်အစိုးရအဖွဲ့ဝင်များအား အစွန်းရောက်အမျိုးသားရေးဝါဒီများက လုပ်ကြံသတ်ဖြတ်ပြီး လူမျိုးစုများ သဘောတူထားခဲ့ကြသည့် နိုင်ငံတည်ထောင်ရေး အခြေခံကတိကဝတ်များကို ချိုးဖောက်ကာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုပြဌာန်းရာမှ ပြည်တွင်းပဋိပက္ခများ စတင်စေခဲ့ခြင်းကြောင့်၊

အဆိုပါ နိုင်ငံရေးအကြပ်အတည်းများအပေါ် အခွင့်ကောင်းယူကာ နေဝင်း ဦးဆောင်သည့် အာဏာသိမ်း စစ်အစိုးရမှ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းပြီး ဒီမိုကရေစီစံတန်ဖိုးများနှင့်ဆန့်ကျင်သည့် အခြေခံမူများဖြင့် အာဏာရှင်စနစ်ကို အားကောင်းခိုင်မာအောင် တည်ဆောက်ခဲ့ခြင်းကြောင့်၊

အာဏာရှင်သန်းရွှေနှင့် အပေါင်းအပါများဦးဆောင်သော စစ်အစိုးရသည် ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် အရေးယူမခံရစေရန်၊ လုပ်ပိုင်ခွင့်အာဏာများနှင့် ဓနဥစ္စာစည်းစိမ်များ အကာအကွယ်ရရှိစေရန်အတွက် အာဏာရှင်စနစ် သက်ဆိုးရှည်တည်တံ့စေမည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းခဲ့ခြင်းကြောင့်၊

၁၉၄၇၊ ၁၉၇၄၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ဒီမိုကရေစီစံနှုန်းများကိုအခြေပြု၍ အကောင်အထည်ဖော်ရမည့် နိုင်ငံရေးယန္တရားများ တည်ဆောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့်၊

မြန်မာ့သမိုင်းတလျှောက် အာဏာရှင်များသည် ၎င်းတို့၏ အာဏာပလ္လင်များ လုံခြုံတည်မြဲစေရေးအတွက် ပြည်သူအချင်းချင်း သွေးကွဲစေရန် သွေးထိုးလှုံ့ဆော်ခြင်းကြောင့်၊

မင်းအောင်လှိုင် ဦးဆောင်သော စစ်အာဏာရှင်အုပ်စုသည် လက်နက်မဲ့အရပ်သားပြည်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်ခဲ့သည့်အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများအား ဆက်လက်ကျူးလွန်လျက်ရှိခြင်းကြောင့်၊

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယနေ့အချိန်ထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဘေးဒုက္ခများ ရင်ဆိုင်နေရခြင်းကြောင့်၊

မြန်မာ့အရေးနှင့်သက်ဆိုင်သူ ကျွန်ုပ်တို့သည် အတိတ်ကိုသင်ခန်းစာယူကာ လက်ရှိပစ္စုပ္ပန်ကို ရင်ဆိုင် ဖြတ်သန်းနေကြသည်ဖြစ်၍ ကျွန်ုပ်တို့၏ ပါဝင်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ်ပြဌာန်းခွင့်တို့ကို ကျင့်သုံးလျက် ဤလူမှုဒုက္ခအကြပ်အတည်းများမှ မိမိတို့ကိုယ်တိုင်အပါအဝင် သွေးချင်းပြည်သူများ လွတ်မြောက်ရေး အတွက် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း၊


လေးနက်တည်ကြည်စွာဖြင့် ဤကမ္ဘာလောကသို့ ကျွန်ုပ်တို့ ကြေညာအပ်ပါသည်

အပိုဒ် (၁)

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” တနည်းအားဖြင့် မြန်မာစစ်အာဏာရှင်စနစ်သည် တရားဝင်မှုမရှိ။ ထိုအာဏာရှင်စနစ်မှ ဆင်းသက်လာသော ဥပဒေရေးရာဟူသမျှသည် အကျုံးမဝင်။

အပိုဒ် (၂)

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားဝင်မှုမရှိ။ ထို ၂၀၀၈ ဖွဲ့စည်းပုံနှင့်သက်ဆိုင်သည့် ဥပဒေရေးရာ၊ နိုင်ငံရေးဆိုင်ရာယန္တရားများနှင့် အခွင့်အာဏာ လုပ်ထုံးလုပ်နည်းမှန်သမျှသည် အကျုံးမဝင်။

အပိုဒ် (၃)

လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် အခြေခံလူ့အခွင့်အရေးများကို စံပြုသော ဒီမိုကရက်တစ်လူ့ဘောင် အဝန်းအဝိုင်းကို တည်ထောင်ရန်ရည်ရွယ်သည့် တော်လှန်ရေးသည် တရားဝင်မှုရှိသည်။ အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များဖြစ်သော မြန်မာပြည်သူများသည် ၎င်းတို့၏ ပါဝင်ခွင့်နှင့် ကိုယ်ပိုင်ဆုံးဖြတ် ပြဌာန်းခွင့်တို့အား ကျင့်သုံးခြင်းဖြင့် တော်လှန်ရေးတွင် ပါဝင်ခွင့်ရှိသည်။

အပိုဒ် (၄)

ဒီမိုကရေစီနည်းလမ်းတကျ အလေ့အထများအား လေးစားလိုက်နာသည့် ကျွန်ုပ်တို့သည် မည်သည့်ပုံစံမျိုးဖြင့်ဖြစ်စေ ကြားဝင်စွက်ဖက်ခြင်းတို့ကို လက်မခံပဲ ကျွန်ုပ်တို့၏ အချုပ်အခြာအာဏာနှင့် နိုင်ငံရေးအခြေအနေကို ကျွန်ုပ်တို့ကိုယ်တိုင် ပိုင်းဖြတ်ကြမည်။ မည်သည့်အစုအဖွဲ့မှဖြစ်ကြောင်း သို့မဟုတ် မည်သည့်အစုအဖွဲ့တွင်ပါဝင်ရမည်ဖြစ်ကြောင်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ အတင်းအကြပ် တွန်းအားပေးခြင်း မပြုရ။

အပိုဒ် (၅)

ဤတော်လှန်ရေးဆိုင်ရာ ထုတ်ဖော်ကြေညာချက်သည် ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် စတင် အသက်ဝင်မည်။

###

ဤကြေညာချက်သည် ဗမာဘာသာဖြင့်ဖတ်ရှုလိုသူတို့ သဘောပေါက်နားလည်ရန်သာ ရည်ရွယ်သောကြောင့် အင်္ဂလိပ်ဘာသာကြေညာချက်နှင့် ဆိုလိုရင်းအဓိပ္ပါယ် ကွဲလွဲမှုများရှိခဲ့ပါက အင်္ဂလိပ်ဘာသာ ကြေညာချက်ကို အတည်ယူမည်ဖြစ်သည်။